“ဆေးရွက်ကြီးအစားထိုး ရိက္ခာသီးနှံစိုက်ပျိုး” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ  ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အလုံ ဇန်နဝါရီ ၁၀

ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားစေရန်အတွက် ရည်ရွယ်ကာ  “ဆေးရွက်ကြီးအစားထိုးရိက္ခာသီးနှံစိုက်ပျိုး” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ်ပညာရေးမှူးဒေါ်လှကြူမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်ချိုက ဆုများရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများကို အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ပူးပေါင်းစီစဥ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရပြီး အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း၊ ဆရာမ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)