ရန်ကင်း ဇန်နဝါရီ ၁၀
ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးလွင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(၂)ကျောင်းအုပ်ကြီး ဦးမောင်မောင်လွင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများ တေးသရုပ်ဖော် ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ပညာရည်ချွန်ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)