မိုင်းယောင်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကလေး သူငယ်များနှင့် အွန်လိုင်းအသုံးပြုသူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်(၃) ဦးအားချာနှင့် အငယ်တန်းစာရေး ဒေါ်နန်းစီဖေါင်းတို့က ပြည်သူများ အွန်လိုင်းမှတဆင့် အလွယ်တကူ ကြည့်ရှုနိုင်ရေးအတွက် ရုံးပိတ်ရက်များဖြစ်သည့် စနေနှင့် တင်္ဂနွေနေ့ရက်များတွင်လည်း ရပ်နားခြင်းမရှိဘဲ နေ့ရက်အလိုက် ပုံပြင် ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ရောင်စုံစက္ကူများဖြင့် အရုပ်အမျိုးမျိုးခေါက်ခြင်းများ ဆောင်ရွက်ခြင်းအပြင် စာပေချစ်သူများအတွက် ဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ် များမိတ်ဆက်ခြင်း စသည့် အသိပညာပေး အစီအစဉ်များကို ရိုက်ကူး၍ မိုင်းယောင်းမြို့နယ် ပြည်သူ့စာကြည့်စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့် တင်ဆက် ပေးလျက် ရှိသည်။
ယင်းအပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးရှေ့မြေစိုက်ပြဘုတ်တွင် သတင်းအချက်အလက်ဝန်ပိခြင်းနှင့် သတင်းအချက်အလက်ရယူနိုင်မှု၊ ကိုဗစ်-၁၉ ကာလ အတွင်း သတင်းအချက်အလက်ဝန်ပိမှုကို စီမံခန့်ခွဲခြင်း၊ မိမိသည် သတင်းအချက်အလက် ဝန်ပိနေပြီဖြစ်ကြောင်း မည်သို့ သိနိုင်သနည်း၊ သတင်းအချက်အလက်ဝန်ပိမှုက သင့်ကို မည်သို့ ထိခိုက်သနည်း၊ သတင်းအချက်အလက် ဝန်ပိခြင်းဆိုသည်မှာ စသည့် အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားကြောင်း သိရသည်။
အားချာ