သထုံ ဇန်နဝါရီ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပြုလုပ်သည်။
ရှေးဦးစွာ ဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် Mega လူငယ်အသင်းနှင့် Best လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယက ဦးစောစံတင်နှင့် အဖွဲ့ဝင်များ၊ ပိုက်ကျော်ခြင်း ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က အသင်းအလိုက်နှစ်သိမ့်ဆု၊ တစ်ဦးချင်းအလိုက် အကောင်းဆုံးဆု၊ အသင်းအလိုက် တတိယဆု၊ ဒုတိယဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး အနိုင်ရဗိုလ်စွဲခဲ့သည့် Best အသင်းအား မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယက ဦးစောစံတင်က ဂုဏ်ပြုဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကာ သုံးရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီး သထုံမြို့နယ်အတွင်းမှ အသင်း ၇ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)