ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန် ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ အား ရွေးကောက်ပွဲဆိုင်ရာ(ဆင့်ပွား)သင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခနောင်တိုအရှေ့ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းဆောင်သစ် တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆက်လက် သင်ကြား ပို့ချပေးလျက် ရှိသည်။
သင်ကြားပေးရာတွင် အောက်တိုဘာ(၂၁)ရက်နေ့ မှ(၂၃)ရက်နေ့အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သင်တန်းတက်ရောက်ခဲ့သည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး အဖြစ် တာဝန် ထမ်းဆောင်ကြ မည့် ဆရာ၊ ဆရာမ(၇၀)ဦးတို့မှ မိမိတို့မဲရုံများတည်ရှိရာ ရပ်ကွက်အလိုက် မဲရုံအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက် ကြမည့်သူများအား ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကြိုတင်မဲပေးခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အခြားမဲရုံ လုပ်ငန်းများကို စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆန္ဒမဲပေးနိုင်ရန် မဲရုံ (၃၅)ရုံ သတ်မှတ်ထားကြောင်းလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)