ရမည်းသင်းမြို့(မြို့မ) အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ (မြို့မ)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မ အ.ထ.ကကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်ဦးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်ကထူထောင်ပေးထားပြီးဖြစ်သည်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ်သက်ဝင်ရှင်သန်စေရန် ဆရာ/ဆရာမများက မိဘပြည်သူများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် ဦးဇော်မင်းစိုးမှ မိဘ၊ဆရာ ပူးပေါင်း၍ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကို အလေးထားကာ ပူးပေါင်းဆောင်ရွက်ကြစေရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်တို့တွင် ပညာရည်ချွန်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူများက တေးသရုပ်ဖော် ရိုးရာယဥ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်