ပုံပါကျင်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ဟွေအော) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ပုံပါကျင် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ဟွေအော) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပုံပါကျင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုင်းစိန္တမှ အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (A) အဆင့်ဖြင့် အောင်မြင်သော Grade-5 မှ KG တန်းအထိ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေး​နေ့ အားကစား​ပြိုင်ပွဲများတွင် ဆုရရှိ​သောကျောင်းသား၊ ကျောင်းသူများအား ပုံပါကျင် နယ်မြေခံစခန်းမှူး ဇင်မင်းထွန်း၊ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးယဉ်၊ အ.မ.က (ဟွေအော) မှ ကျောင်းအုပ်ဆရာမ​ကြီး ဒေါ်သန်းလှနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပုံပါကျင်၊ ပြန်/ဆက်)