စဉ့်ကူး ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က (စဉ့်ကူး)မှ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကြန်က အမှာစကားပြောကြားပြီး အ.ထ.က (စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်သူများ၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာပေထူးချွန်ဆု၊ ကာယဆု၊ ဉာဏဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အ.ထ.က (စဉ့်ကူး)မှ ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် ကြွရောက်လာသော ဧည့်သည်တော်များကို ကပြဖျော်ဖြေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)