ဟိုပုံး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မဲနယ်တောင်ဒေသကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပန်ကလ-ဒုံလိတန်လမ်း ၃/၂မိုင်မြေသားလမ်းပေါ်တွင် ၃၀ပေ တံတား (၂)စင်းနှင့် ၂၅ပေတံတား (၁)စင်း တည်ဆောက်ခြင်း၊ အလျား (၁၀)ပေ၊ အနံ (၅)ပေနှင့်အမြင့် (၂၆)ပေရှိ Box Culvert ၃စင်းတည်ဆောက်ခြင်း၊ အလျား (၅)ပေ၊ အနံ (၅)ပေနှင့် အမြင့် (၂၆)ပေရှိ Box Culvert (၅) စင်းတည်ဆောက်ခြင်း၊ အလျား (၃)ပေ၊ အနံ (၅)ပေ၊ အမြင့် (၂၆)ပေရှိ (၈)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကောင်ကလွန်း-လွယ်မိုင်းတောင် (ပွိုင့် ၈၂၆၃)လမ်း ၃/၀မိုင်တွင် ၂/၆မိုင် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် အလျား (၄)ပေ၊ အနံ (၄)ပေနှင့် အမြင့် (၂၆)ပေရှိ Box Culvert (၄) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လွယ်မိုင်းတောင်၌ အမြင့်ပေ ၈၂၆၃ ပေတွင် တောင်ဇလပ်ပန်းများ၏ အလှအပများ၊ တောတောင်သဘာဝအလှတရားများ ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး ဖက်ရမ်းကျေးရွာအုပ်စု၊ စံဖူးကျေးရွာအုပ်စုနှင့် နောင်လိုင်ကျေးရွာအုပ်စုတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြည့်သည့် ထောပတ်၊ သနပ်ဖက်နှင့် ကော်ဖီများ ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)