ပင်းတယ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း(စက်ချုပ်)လုပ်ငန်းများ စနစ်တကျအောင်မြင်ပြီး မိဘပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းလာတဲ့အခါမှာ ကျွန်တော်တို့ဒေသရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အသေးစားကုန်ထုတ်လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်ကကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ဒေသခံပြည်သူတွေအနေဖြင့်လည်း မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွားဘဝမြင့်မားလာပြီး သားသမီးများရဲ့ပညာရေး၊ ကျန်းမာရေးများကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်လာနိုင်မှာဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်အတွက်ပိုမိုကောင်းမွန်သော မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ မိဘပြည်သူများရဲ့ဝင်ငွေတိုးကျန်းမာပျော်ရွှင်ကြခြင်းဟာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ တိုးတက်မှု၊ ပျော်ရွှင်မှုများပဲဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်းနှင့် တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာရှိ ကျားကုန်းစံပြကျေးရွာမှ စက်ချုပ်သင်တန်းသား (၅)ဦးအား သင်တန်းသား(၁)ဦးလျှင် ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ အပ်ချုပ်စက်(၁)လုံး၊ ဓားစက်(၁)လုံးနှင့် ဘီတင်စက်(၁)လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)