တွံတေး ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဆံတော်ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း(မူလွန်)ကျုံးကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.မ.က(မူလွန်)ကျုံးကြီးမှ ကျောင်းသူလေးများက ပညာရေးစုံညီသီချင်းဖြင့်သီဆို၍ ရွှေဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးလှမင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သတ်၍ ပြောကြားရာတွင် အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ပညာရေးဌာန ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမများတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဥာဏစွမ်းရည်ဆုရရရှိသူ၊ ကာယစွမ်းရည်ဆုရရှိသူနှင့်ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြ၊ သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရှိရသည်။
တွံတေးသား