ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားသည့် “အောင်မြင်ကြွယ်ဝစေကြောင်းနည်းလမ်းကောင်း” စာအုပ် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများ အသိပညာ ဗဟုတသုများ ဖလှယ်နိုင်စေရန်၊ မိတ်ဆွေအပေါင်းအသင်း တိုးပွားပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းဆွေးဆွေးပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားသည့် အောင်မြင်ကြွယ်ဝစေကြောင်းနည်းလမ်း ကောင်း စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် မိတ်ကောင်းဆွေကောင်းနှင့် ပြည့်စုံခြင်း၊ ကိုယ်ကျင့်တရားနှင့် ပြည့်စုံခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းက ယုံကြည်မှုနှင့်ပြည့်စုံခြင်း၊ အသိအလိမ္မာနှင့် ပြည့်စုံခြင်းစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး အဆိုပါစာအုပ်သည် လူဘဝရဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုးဆိုတာ ပြုမှုလုပ်ဆောင်မှုပေါ်မှာ မူတည်ကြောင်း၊ လောကဓံထဲမှ လူတစ်ယောက်ဘာတွေလုပ်သင့်တယ်ဆိုတာကို ရေးသားဖော်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
တင်တင်ထွေး