ကျိုင်းတုံမြို့ အ.ထ.က (၁) ၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး

ကျိုင်းတုံ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး (Kaeru Caravan) အသိပညာပေး အစီအစဉ်ကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသိန်းတန်က နိုင်ငံတော်အတွင်း မီးဘေး/သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသော ရုတ်တရက် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါစေရန် ကြိုတင်မျှော်မှန်း၍ မီးသတ်ဦးစီးဌာနအနေဖြင့် စာသင်ကျောင်းအခြေပြု မီးဘေးနှင့်သဘာဝဘေး အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက သဘာဝဘေး/မီးဘေး စသည့် ဘေးအန္တရာယ်များ မဖြစ်ပွားခင်၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် အခြေအနေများတွင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပုံမှန်အခြေအနေကို လုံခြုံလျှင်မြန်စွာရရှိနိုင်မည့် နည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး အား  လက်တွေ့ လေ့ကျင့်၊ သင်ကြား၊   သရုပ်ပြ အသိပညာပေးခြင်း၊ ဟောပြောခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)