လမ်းမတော် အောက်တိုဘာ ၂၈
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရန် Stay at Home သတ်မှတ်ထားစဉ် ကာလအတွင်း သံဃာတော်များ၊ သီလရှင်များဆွမ်းကိစ္စ အဆင်ပြေစေရန် ရန်ကုန် တိုင်းဒေသကြီး၊ တိုင်းရင်းဆေး မိသားစုနှင့် စန္ဒီဘယဆေးမိသားစု၊ မေတ္တာပြည့်ဝ သာသနာပြုအသင်း၊ နှစ်ဦးဓမ္မသဘင်အလှူရှင်များ၊ တိုင်းကြက်ခြေနီအသင်းတို့မှ စုပေါင်း၍ လှူဒါန်းခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်းမှ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်၊ သရက်တော ကျောင်းတိုက်အတွင်းရှိ ကျောင်းပေါင်း(၁၇)ကျောင်းသို့ အခြေခံ စားသောက်ကုန်များအား ထပ်ဆင့်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထို့သို့လှူဒါန်းရာတွင် ဆွမ်းဆန်တော်(၁)အိတ်၊ ဆီ၁၀ပိဿာ၊ ဆား၁အိတ်၊ ကုလားပဲ(၁၅) ပိဿာ၊ အာလူး(၁၅)ပိဿာ၊ ခေါက်ဆွဲ၃ဖာ၊ ကော်ဖီမစ်(၃)ပါကင်၊ ကြက်သွန်နီ(၁၅)ပိဿာ၊ ဆေးမျိုးစုံ၊ လက်သန့်ဆေးနှင့် Mask များအား ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ရပ်ကွက်(၁၃)ရပ်ကွက်ရှိရာ ဆွမ်းကိစ္စ အဆင်ပြေစေရန်အတွက် ဘုန်းကြီးကျောင်းများအား လှူဒါန်းလိုပါကသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)