မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၈ မြို့နယ်တွင်  ဥပ္ပါတသန္တိပရိတ်တော်အား တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်

ချမ်းအေးသာစံ  ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပရိတ်တော်အား (၂၇)ရက် တိုင်တိုင် အသံမစဲရွတ်ဖတ်ပူဇော်ပွဲကို တိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈)မြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ တစ်ချိန်တည်းတစ်ပြိုင်တည်းရွတ်ဖတ် ပူဇော်ကြသည်။

ထိုသို့ အသံမစဲရွတ်ဖတ်ပူဇော်ပွဲများကို  တစ်ချိန်တည်းတစ်ပြိုင်းတည်း ကျင်းပကြရာ အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရားတွင် အသံမစဲဥပ္ပါတသန္တိ ပရိတ်တော်ရွတ်ဖတ်ပူဇော်ခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြီး မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသိရီဘိဝံသ အမှူးပြုသော ဆရာတော်(၅)ပါးနှင့် အသံမစဲရွတ်ဖတ် ပူဇော်သည့် သံဃာတော်(၂၇)ပါးတို့ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ၎င်းတို့၏ ဇနီးများ၊ ဂေါပအဖွဲ့ဥက္ကဋ္ဌ  အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာ ကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြကာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ မဟာဝိဇယာရာမ အရှေ့ခင်မကန်တိုက်၊ ကထိန်တော်ဓမ္မာစရိယ စာချကျောင်း စာချနာယကအရှင်ဣဒ္ဓိဗလက စိန်ရောင်ခြည်ဘုရားပင့်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး မဟာဝိဇယာရာမ အရှေ့ခင်မကန်တိုက်၊ ကထိန်တော် ဓမ္မာစရိယစာချ ကျောင်းစာချနာယကအရှင်ကေလာသက နတ်ဗြဟ္မာများပင့်ဖိတ်သည့် ဒေဝနိမန္တန ဂါထာကို ဖတ်ကြားခဲ့သည်။

၎င်းနောက် မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ထံမှ  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့၊ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး အလှည့်ကျ ဘာဏကသံဃာ တော်မှစ၍ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်နေမှုအား ကြည်ညိုပွားများကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်များနှင့် (၂၇)ရက်တိုင်တိုင် အသံမစဲ အလှည့်ကရွတ်ဖတ်ပူဇော်သည့် သံဃာတော်များအား မဟာပဋ္ဌာနပူဇာဓမ္မာရုံတွင် နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် မဟာသကျ မာရဇိန်ကျောက်တော်ကြီးဘုရားပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့်ဘုရားဖူးများ စိတ်ချမ်းမြေ့စေရေးအတွက် ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်