ချမ်းမြသာစည် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ကျောင်းရှိအောင်မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၃၁) ကျောင်းသား/သူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားတွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ခရိုင်/မြို့နယ်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ပန်းချီပြိုင်ပွဲ၊ပုံပြင် ပြောပြိုင်ပွဲ နှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများက ထာ၀ရမြန်မာ၊တောင်ယာ၀င်ချိန် ၊မြန်မာ့ရှုခင်း၊အလှကမ္ဘာမြေ၊ စည်းလုံးခြင်းရဲ့သီချင်းတစ်ပုဒ်နှင့်တေးသီချင်း သရုပ်ဖော် အကများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြ သည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့