မိတ္ထီလာ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခြင်းလုပ်ငန်း၊ ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမှု အခြေအနေအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဖြင့် မြို့နယ်အတွင်းရှိ ဆင်ချီတိုင်ကျေးရွာအုပ်စု ဆားတောင်ကျေးရွာ၊ တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာ၊ မြင်းကြီးအုပ်စု ကျွဲတပ်ကျေးရွာ၊ ရွှေတောင်ကျေးရွာ အုပ်စု ရွှေဂံကျေးရွာ၊ ရာသင်္ချာကျေးရွာအုပ်စု ရာသင်္ချာကျေးရွာ၊ ထီးလှိုင်ကျေးရွာအုပ်စု ထီးလှိုင်ကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၅)သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၄.၅)သန်း တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၅) သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ကျပ် ၄.၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းအား အရှည်ပေ ၅၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆိုလာရေသန့်စင်စနစ်တပ်ခြင်းလုပ်ငန်းနှင့် ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။ အဆိုပါ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှု အခြေအနေအား မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)