၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ပညာရေး စုံညီပွဲတော် ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၀

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ပညာရေး စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းဖြင့် ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှထောက်ပံ့ပေးနေမှု အခြေအနေများ၊ လာမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း အောင်ချက်ကောင်းအောင် ကြိုးစားဆောင်ရွက်သွားရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွန်းနှင့် တာဝန်ရှိသူများက လူရည်ချွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများ၊ နေ့ကြီးရက်ကြီးများအလိုက် ကျင်းပပြုလုပ်ခဲ့သည့် ကဗျာ၊ ပုံပြင်၊ စာစီစာကုံး၊ ပန်းချီ စသည့် ပြိုင်ပွဲဆု ရရှိသူများ၊ အားကစားပြိုင်ပွဲအသီးသီး၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)