တာလေ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်မြေဒေသလုံခြုံအေးချမ်းစေရေးအတွက် ဌာနဆိုင်ရာသတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက တာလေတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ယာယီတပ်နယ်မှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဌာနနှင့် ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဧည့်စာရင်းစစ်ဆေးနေမှုများ၊ ဆောင်းသီး နှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများ၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြသည်။
ထို့နောက် ယာယီတပ်နယ်မှူးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နယ်မြေဒေသလုံခြုံရေးအတွက် လူဝင်၊ လူထွက်အခြေအနေများအား ပုံမှန်ဧည့်စာရင်း စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးရာ၌ ကုန်တင်မော်တော်ယာဉ်၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ အိမ်စီးမော်တော်ယာဉ်များအပြင် မော်တော်ဆိုင်ကယ်များပါမကျန် မှတ်ပုံတင်များအား စနစ်တကျ တိုက်ဆိုင်စစ်ဆေးသွားရန်၊ ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ အပတ်စဉ် လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်နှင့် ဒေသတွင်း ဘိန်းစိုက်ပျိုးမှုမရှိစေရေး သက်ဆိုင်ရာများမှ ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)