ကျိုင်းလပ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန်းစန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင် ဒေါ်နာရှဲက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်မှ “တိုတောင်းလှသည့် ဘဝနာရီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဒေါ်နန်းမိုင်က “အများ၏ ယုံကြည်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်းတက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက ဗဟုသုတရစေမည့် စာအုပ်ပါအကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များနှင့် စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှု့လေ့လာခြင်းစသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ (Book Club)အဖွဲ့ဝင်များဖြင့် လစဉ် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စန်းစန်းမြင့်( ပြန်/ဆက်)