စဉ့်ကိုင်မြို့နယ်၌ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့ဝန်ကုန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကုန်းကျေးရွာရှိ၊ ဆန်းသီရိကျောင်းတိုက်၌ ဥပ္ပါတသန္တိသုတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ အောင်စည်အောင်မောင်း (၉)ချက်တီးပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး သံ‌ဃာတော်အရှင်သူမြတ်တို့က စိန်ရောင်ခြည်ဘုရားပင့် ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဦးသာသနထံမှ ကိုးပါးသီလဆောက်တည်ခဲ့ပြီး ဩဝါဒကထာမိန့်ကြာခြင်းကို နာယူခဲ့ကြသည်။ ထို့နောက် ရွှေကျောင်းဆရာတော်ဦးခေမိန္ဒက ဥပ္ပါတသန္တိသုတ်တော်ဖြစ်ပေါ်လာပုံနှင့် ဥပ္ပါတသန္တိသုတ်တော်အား ရွတ်ဖတ်နာကြားသူတို့ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းဟောကြားတော်မူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်‌မောင်မောင်က  ဥပ္ပါတသန္တိသုတ်တော် ရွတ်ဖတ်နာကြားပူဇော်ရခြင်း၏ ရည်ရွယ်ချက်ကို တင်ပြလျှောက်ထားခဲ့သည်။ ၎င်းနောက် ဥပ္ပါတသန္တိသုတ်တော်နာကြားနိုင်ရန် နတ်ဗြဟ္မာများအားပင့်‌ဖိတ်၍ သံဃာတော် အရှင်သူမြတ်တို့မှ ဥပ္ပါတသန္တိသုတ်တော်အား အလှည့်ကျဖြင့် စတင်ရွတ်ဖြတ်ပူဇော်ခဲ့ကြောင်း သိရသည်။ အဆိုပါရွတ်ဖတ်ပူဇော်ပွဲအား (၉-၁-၂၀၂၄) ရက်နေ့မှ (၄-၂-၂၀၂၄) ရက်နေ့အထိ နေ့စဉ် ရွတ်ဖတ်ပူဇော်သွားမည်‌ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဦးသာသနနှင့်အဖွဲ့ဝင်များ၊ ပင့်သံဃာတော် (၂၇)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများမှအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)