ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၀

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ယူနေကြသည့် တိုင်းရင်းသားလူငယ်မောင်မယ်များကို မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်နှင့် ကာကွယ်တားဆီးနှိမ်နင်းတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးတားဆီး

နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁၄း၀၀)နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု ၄၁(ရန်ကုန်အရှေ့)မှ ဒုတိယရဲမှူး မင်းမင်းထက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ ဗဟုသုတများ အသိပညာပေးဟောပြောခဲ့သည်။

အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

အေးမဉ္ဇူ