နမ့်စန်(တ) အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ၌လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲများ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက် မြို့ဦးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင် နှင့် သင်တန်း နည်းပြဆရာများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အထူးရဲတာဝန်ထမ်းဆောင်မည့် သင်တန်းသားများ တက်ရောက် ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး နမ့်စန်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးစိုးမိုးထွန်းက အထူးရဲ သင်တန်း သားများ တာဝန်ယူဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံ ၁၀၃ ရုံလျာထားပြီး အဆိုပါမဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ၁၀၃ ဦးတွင် အထူရဲသင်တန်းသား ၇၉ဦးကို နမ့်စန်မြို့တွင်လည်းကောင်း၊ အထူရဲသင်တန်းသား ၂၄ ဦးကို ခိုလမ်မြို့တွင် လည်းကောင်း နေရာခွဲ၍ အောက်တိုဘာလ ၁ ရက်မှ စတင်၍ သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အဆိုပါ မြို့များ၌ သင်တန်းဆင်းပွဲအသီးသီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ထံမှသိရသည်။
သူရအောင် (ပြန်/ဆက်)