တပ်ကုန်းမြို့နယ်၌ တောင်သူအချို့ မုန်လာဥများ စိုက်ပျိုးရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိ

တပ်ကုန်း ဇန်နဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအချို့ ဆောင်းသီးနှံအဖြစ် မုန်လာဥပင်များ ထည့်သွင်းစိုက်ပျိုးလာ၍ ယခုအချိန်တွင် မုန်လာဥများ တူးဖော်ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။

တပ်ကုန်းမြို့နယ်အတွင်းရှိ တောင်သူအချို့သည် ရာသီဥတုနှင့်ကိုက်ညီသည့် မုန်လာဥမျိုးများ ရွေးချယ်စိုက်ပျိုးကြောင်း၊ မုန်လာဥအပင်များကို ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးကြပြီး  နတ်တော်လအတွင်း မုန်လာဥများ ဖြိုင်ဖြိုင်ပေါ်ရောင်းချရကြောင်း၊ မုန်လာဥပင်စိုက်ပျိုးရာတွင် လေအဝင်အထွက်ကောင်းမွန်အောင် ဘောင်စနစ်ဖြင့် ကျဲပက်စိုက်ပျိုးကြောင်း၊ မုန်လာဥပင်များ ရှင်သန်ကောင်းမွန်ပြီး ဥကြီးထွားစေရေးအတွက် မြေမွအောင် ဆောင်ရွက်ရကြောင်း၊ စိုက်ပျိုးသည့်အချိန်မှစတင်၍ စိုက်ခင်းတွင် မုန်လာဥအပင်နှင့်မုန်လာဥများ မာကြောကျစ်လျစ်မှုမရှိစေရေး အမြဲစိုစွတ်အောင် ရေသွင်းပေးရကြောင်း၊ စိုက်ပျိုးပြီးနှစ်ခွဲအကျော်တွင် ရောင်းချရပြီးပွဲစားများက အခင်းပြတ်ဝယ်ယူကြောင်း၊ ယခုကာလတွင် မုန်လာဥငါးလုံးတွဲတစ်တွဲလျှင် ၂၀၀ ကျပ်နှုန်း ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း မုန်လာဥစိုက်ပျိုး ရောင်းချသည့် ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

တင်စိုးလွင်