မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄) (Myanmar Pathology Conference 2024)ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာ အေးထွန်းမှ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အရည်အချင်းပြည့်ဝမြင့်မားသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျှက်ရှိရာ ပြောင်းလဲဖြစ်ပေါ်လာသည့် ဘာသာရပ်ဆိုင်ရာ တိုးတက်မှုများကို လက်လှမ်းမှီသိရှိနိုင်ရန် ယခုကဲ့သို့နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးမှုများကို အခမဲ့ဆောင်ရွက်ပေးလျှက်ရှိရာ ဝန်ကြီးဌာနအနေဖြင့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရန်နှင့် လိုအပ်သည့် စက်ပစ္စည်းနှင့် ဓာတ်ဆေးပစ္စည်းများကို ဖြည့်တင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ဆေးပညာဘာသာရပ် နယ်ပယ်အသီးသီးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိနေစေရန်နှင့် ပညာရှင်တစ်ဦးစီ၏ ပညာရပ်ဆိုင်ရာအရည်အသွေး (Academic quality) ကျင့်ဝတ်နှင့် တာဝန်ယူတတ်မှု (professional ethic, duty and  responsibility)၊ ပရဟိတစိတ်နဲ့ လူသားဆန်မှု (Humanity) ပြည့်စုံဖို့လိုကြောင်း၊ ယခုကျင်းပသည့် မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၄)တွင် မြန်မာနိုင်ငံမှ ရောဂါဗေဒပညာရှင်ကြီးများ၊ နိုင်ငံတကာမှ ရောဂါဗေဒပညာရှင်များ၊ မျိုးဆက်သစ်ရောဂါဗေဒပညာရှင်များ တက်ရောက်ကြပြီး ရောဂါဗေဒပညာရပ်နယ်ပယ်သစ် တိုးတက်ဖြစ်ထွန်းမှုများ၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ ရောဂါဗေဒပညာရပ်၏ ပင်မရောဂါရှာဖွေရေးကဏ္ဍကို ကျော်လွန်ပြီး ကုသမှုအပိုင်းတွင် စွမ်းဆောင်နိုင်မှုများကို ဆွေးနွေးကြမည်ဖြစ်ပြီး သုတေသနစာတမ်းများကိုလည်း ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ရောဂါရှာဖွေကုသခြင်းနယ်ပယ်အတွက် အလွန်တန်ဖိုးရှိပါကြောင်း၊ ရောဂါဗေဒပညာရှင်များ၏ အရည်အသွေးမြှင့်တင်ခြင်းနှင့်အတူ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးလည်း တိုးတက်မြင့်မားလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သုတေသနပြုဆောင်ရွက်ထားသည့် စာဆောင်များနှင့် နှီးနှောဖလှယ်ပွဲတွင် ပြသထားသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ ပြသထားရှိမှုများ လိုက်လံကြည့်ရှုခဲ့ကြသည်။

ယနေ့ကျင်းပသည်နှီးနှောဖလှယ်ပွဲ၏ ဆောင်ပုဒ်မှာ Pathology Updates in Theranostic Era" ဖြစ်ပြီး ဖွင့်ပွဲအခမ်းနားသို့ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် အသင်းများမှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ပါမောက္ခဒေါက်တာဖေသက်ခင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအုပ်ကြီးများ၊ ရောဂါဗေဒဘာသာရပ်နာယက အငြိမ်းစားဆရာ/ ဆရာမကြီးများ၊ ရောဂါဗေဒဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများနှင့် ရောဂါဗေဒဆရာဝန်များ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံရောဂါဗေဒပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၄) (Myanmar Pathology Conference 2024) ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းသွားမည်ဖြစ်ကြောင်းနှင့် သုတေသနစာတမ်းစာတမ်း (၅) စောင်၊ Poster presentation (၇)ခုတို့ကို ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)