လားရှိုး ဒီဇင်ဘာ ၁၀
လားရှိုးခရိုင်အတွင်း ဖမ်းဆီးရမိသည့် အများပြည်သူ စားသုံးရန်မသင့်သော ဘီယာ၊ စားသောက်ကုန်ပစ္စည်းများ ဖျက်ဆီးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးဝန်းအတွင်းတွင် ကျင်းပသည်။
အဆိုပါ အများပြည်သူတို့ စားသုံးရန်မသင့်သော ပစ္စည်းများဖျက်ဆီးခြင်းများ ဆောင်ရွက်ရာသို့ လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာအုန်း၊ လားရှိုးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် အခြားဌာနများမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
အများပြည်သူတို့ စားသုံးရန်မသင့်သော ပစ္စည်းများ ဖျက်ဆီးရာတွင် စုစုပေါင်းခန့်မှန်းတန်ဖိုး သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ ဘီယာများနှင့် စားသုံးရန်မသင့်သည့် အစားအစာများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)