မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ရှုတ်ချပွဲများပြုလုပ်

မန္တလေး ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအားရှုတ်ချပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါရှုတ်ချပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ ရဟန်းရှင်လူပြည်သူများက လှည့်လည်ရှုတ်ချခဲ့ကြခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် အောင်မြေသာစံမြို့နယ်၌လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် ချမ်းအေးသာစံမြို့နယ်၌လည်းကောင်း၊ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၌လည်းကောင်း အသီးသီးလှည့်လည် ရှုတ်ချဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချသူများသည် “မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများကို ဖျက်ဆီးသူအကြမ်းဖက်သမားများအား ဆန့်ကျင်ကြ” ဟုရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ “သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး ဒို့အရေး"၊ "ဗုဒ္ဓသာသနာကို စော်ကားဖျက်ဆီးနေသော အကြမ်းဖက်သူပုန်မှန်သမျှဆန့်ကျင်ကြ"၊ "ဘုရားစေတီများအား ဖျက်ဆီးနေသည့် အကြမ်းဖက်သူပုန်မှန်သမျှ ကျဆုံးပါစေ" စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ရှုတ်ချခဲ့ကြကြောင်း သတင်းရရှိသည်။

မန်းတိုင်းသား