မိုးနဲမြို့၌ မဲရုံအလိုက် မဲရုံသုံးပစ္စည်းများမဲရုံတည်ရှိရာ‌နေရာအရောက်ပို့ဆောင်ထုတ်ပေး

မိုးနဲ   အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မဲရုံတည်ရှိရာနေရာများအရောက် ပို့ဆောင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ပို့ဆောင် ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်နှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ မြို့နယ် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူများက ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိမဲရုံတည်ရှိရာ နေရာအရောက် သွားရောက်၍ ဆန္ဒမဲပုံး၊ ဆာလာအိတ်၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ အမှိုက်တောင်း၊ ချိတ်တောင့်၊ မီးခြစ်၊ ဖယောင်းတိုင်၊ လက်သုတ်ပဝါနှင့် အခြားမဲရုံသုံးပစ္စည်း စုစုပေါင်း (၃၀)မျိုးကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ ထံသို့  စနစ်တကျထုတ်ပေးခဲ့သည်။

မိုးနဲမြို့နယ်တွင် (ကျိုင်းတောင်းမြို့) အပါအဝင် ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုတွင် မဲရုံပေါင်း (၃၁)ရုံ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)