တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

တာလေ ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော နေ့ကြီးရက်ကြီးအထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆုများပေးအပ်ချီးမြှင့်ရာတွင် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃)ဦး၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၅)ဦးအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်တွင်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများ ဆက်လက်ပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)