မိုင်းယုမြို့၌ ဆရာတော် ဦးခန္တီကော၏ သက်တော်(၃၄)နှစ်၊ ဝါတော်(၁၀)နှစ်ပြည့် ဝိဇတမွေးနေ့အလှူမင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိုင်းယု ဇန်နဝါရီ ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်ကျိုင်းကျေးရွာအနီးတွင် တောရသီတင်းသုံးတော်မူနေသည့် ဆရာတော်ဦးခန္တီကော၏ သက်တော်(၃၄)နှစ်၊ ဝါတော်(၁၀)နှစ်ပြည့် ဝိဇတမွေးနေ့အလှူမင်္ဂလာပွဲကို ဇန်နဝါရီ ၉ ရက်နေ့က အဆိုပါကျေးရွာအနီးရှိ ဆီလီကြွမ်းခမ်းဘုန်းကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

မွေးနေ့အလှူတွင် မိုင်းယုမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော်နှင့် ဟိုခိုကျောင်းတိုက်ဆရာတော်တို့ ကြွရောက်ခဲ့ကြကြောင်း၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နှင့် အခြားအနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်ပြည်သူများက ဆရာတော် ဦးခန္တီကောအား လာရောက်ဖူးမြော်ကြည်ညိုကြခြင်း၊ ငါးပါးသီလစောင့်တည်ကြခြင်း၊ တရားတော်နာကြားကြခြင်း၊ လှူဖွယ်ဝတ္ထုတို့အား ဆက်ကပ်လှူဒါန်းကြခြင်းနှင့် ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူကြခြင်းတို့ဖြင့် ကုသိုလ်ပြုခဲ့ကြသည်။

ယင်း မွေးနေ့အလှူပွဲတွင် အလှူရှင်ပြည်သူများက သတ်သတ်လွတ် ဒေသအစားအသောက်များဖြင့် လာရောက်လည်ပတ်ကြသည့် ဧည့်သည်များကို လှူဒါန်းဧည့်ခံကျွေးမွေးကြပြီး ဈေးသည်များ၊ လာရောက်လည်ပတ်ဖူးမြော်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် အဆိုပါ တောရဆောက်တည်နေသည့် ဆရာတော်မှာ သတ်သတ်လွတ်ဘုဉ်းပေးလျက်ရှိပြီး ၁၃၅၁ခုနှစ်၊ ဝါဆိုလဆုတ်(၄)ရက်နေ့တွင် ဖခည်းတော် ဦးနွဲ့ဆမ်ပျဲန်နှင့် ခမည်းတော် ဒေါ်နန်းရှဲန်မွဲန်တို့မှ ဝမ်ဒန်ကျေးရွာတွင် မွေးဖွားခဲ့သည့် ဒုတိယမြောက်သားရတနာဖြစ်ကာ ငယ်မည်မှာ အိုက်ခုန်ဖြစ်ကြောင်း သိရှိရသည်။

ကိုကိုနိုင်