ထန်းတပင်မြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၉

ကျောင်သား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုများဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း သဲဖြူကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမိုးမင်းအောင်၊ ဒုတိယမီးသတ်ဦးစီးမှူးဦးမျိုးနိုင်ဦးနှင့် ဒုတိယမီးသတ်ဦးစီးမှူးဦးဘိုဘိုဟိန်းတို့က မီးလောင်မှုဖြစ်ပွားရသည့်အခြေခံအချက်များ၊ မီးလောင်မှုအမျိုးအစားများ၊ မီးအတန်းအစားများနှင့်မီးငြှိမ်းသတ်နည်းများကို အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့်  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ထန်းတပင်မြို့နယ် မီးသတ်ဦးစီးမှူးဦးမိုးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများနှင့် ဆီမီးလောင်မှုမီးငြှိမ်းနည်းစနစ်များကို လက်တွေ့ငြှိမ်းသတ်ပြသခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)