ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ပေါင်လင်း)၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပ

ဟိုပုံး ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့လွင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနားလည်လာစေပြီး ရှောင်လေဝေးဝေးမူးယစ်ဟူသော ဆောင်ပုဒ်နှင့်အညီ လိုက်နာကျင့်သုံးတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်းပါဝင် ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးမှ ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် ခွန်စိုးပိုင်က “လူငယ်ဘဝနှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်ငြိမ်းငြိမ်းသော်က “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင့်သူသူအောင်က “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းစိမ်းရီက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)