မုဒုံမြို့ အ.ထ.က(၂)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မုဒုံ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ်ပညာရေးမှူးဒေါ်မြဝင်းက ပညာရေးဆိုင်ရာကိစ္စရပ်များ အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက အရည်အသွေးမြင့်မားသော မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်ကထူထောင်ပေးထားပြီးဖြစ်သည်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ် သက်ဝင်ရှင်သန်စေရန် ဆရာ/ဆရာမများက မိဘပြည်သူများနှင့်ပူးပေါင်းပြီး ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက်  ပညာရည်ချွန်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား/သူများက တေးသရုပ်ဖော်ရိုးရာယဥ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)