မန္တလေး၊ အောက်တိုဘာလ ၂၈
ပဲဇီးကွက်နှင့် ပဲနီလုံးများဈေးနှုန်းမြင့်တက်နေသဖြင့် ပြည်ပဝယ်ယူမှုနည်းနေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
"ပဲဇီးကွက်နဲ့ ပဲနီလုံးတွေက များသောအားဖြင့် ပြည်တွင်းမှာ စားသုံးကြပြီး ပြည်ပအနေနဲ့ကတော့ တရုတ်ဘက်လည်း နည်းနည်းဝယ်ပါတယ်။ အခုလက်ရှိ တရုတ်ဘက်က ဒီဈေးတွေဆိုတော့ သိပ်မဝယ်နိုင်တော့ဘူး။ ၇သောင်း ၃ထောင် ၄ထောင်လောက်ထိတော့ ဝယ်သေးတယ်။ အခုရှစ်သောင်း ကျော်သွားတော့ ဝယ်တာ မတွေ့ရတော့ဘူး။ " ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
ပဲဇီးကွက်နှင့် ပဲနီလုံးတွေကို မြန်မာပြည်အလယ်ပိုင်းမှာ အများဆုံးစိုက်ပျိုးကြပြီး ယင်းပဲများကို သီတင်းကျွတ်လမှစ၍ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ရှိကြောင်း သိရသည်။
" အခုလောလောဆယ်က ပစ္စည်းနည်းသွားတာလေးတွေ ဖြစ်တော့ ပဲဇီးကွက်နဲ့ ပဲနီလုံးတို့ တစ်အိတ်ကို နှစ်သောင်းလောက်တက်သွားတယ်။ ကုန်စည်ဒိုင် မပိတ်ခင်က ၅ သောင်းဝန်းကျင်ရှိရာက အခုဆို ရှစ်သောင်းလောက်ထိ ဖြစ်သွားတာပေါ့။ ဈေးတက်သွားတဲ့ အဓိကအကြောင်းကတော့ ပစ္စည်းနည်းသွားလို့ပါ။ " ဟု ဆက်ပြောသည်။
အောက်တိုဘာလ ၂ ရက်နေ့တွင် ပဲဇီးကွက် ၅၈ဒသမ၂၅ပိဿာလျှင် ၅၈၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ရှိရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပဲဇီးကွက် ၅၈ဒသမ၂၅ ပိဿာလျှင် ၈၀၀၀၀ကျပ်ဝန်းကျင်ထိ မြင့်တက်လာကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
ထိပ်ထားနိုင်