ငါန်းဇွန် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ရတနဃရ သာသနဗိမာန်၌ ယနေ့နံနက် ၈ နာရီအချိန်က ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့်မြို့ပေါ်ရပ်ကွက်များမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများသည် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ကျောင်းသစ်အရှေ့တိုက် ဆရာတော်ဘဒ္ဒန္တကုသလက ဘုရားပင့်ဂါထာတော် ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့သည် ရွှေကျောင်းမြောက်တိုက် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဒေါက်တာနရပတိထံ သီလခံယူဆောက်တည်၍ ဩဝါဒခံယူကြပြီး သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါသေက နတ်ဗြဟ္မာများ ဖိတ်ကြားတော်မူခဲ့သည်။
ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ သံဃာတော်အရှင်သူမြတ် အပါး(၃၀)တို့က ဥပ္ပါတသန္တိကျမ်းမြတ်အား အလှည့်ကျ ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)