မန္တလေး၊ အောက်တိုဘာလ ၂၈
လက်ရှိ နှမ်းသည် တရုတ်နိုက်ငံမှ ဝယ်ယူမှုအများဆုံးဖြစ်နေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
"လက်ရှိ တရုတ်အဝယ်များတာက ပထမအများဆုံးက မြေပဲဆံ၊ ဒုတိယအများဆုံးက နှမ်းပါ။ နှမ်းနက်ကတော့ တရုတ်ဘက်က ဝယ်နေသေးတယ်။ ဒါပေမယ့် အရင်ကထက်ဆိုင်ရင် ပစ္စည်းကောင်းတာလေးဘဲ ရွေးဝယ်နေတဲ့အတွက် အကောင်းစားနဲ့ အလတ်စားက ဈေးကွာတာများတယ်။ နှစ်သောင်းထိကွာတယ်။ ခါတိုင်းပုံမှန်ဆို ခုနစ်ထောင် တစ်သောင်းလောက်ဘဲ ကွာတာကို အခုကျ ပစ္စည်းအကောင်းနဲ့ အလတ်ကို နှစ်သောင်းလောက်ထိ ကွာသွားတယ်။ " ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
နှမ်းကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြသည်။ နှမ်းကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့ရောင်းချပြီး ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများသို့လည်း အနည်းငယ်တင်ပို့နေကြောင်း သိရသည်။
"နှမ်းနက်ကတော့ စပေါ်နေပြီး သူတို့လိုချင်တာလေးတွေရှိတာကြောင့် ဈေးလေးတွေ မြင့်တက်နေပါတယ်။ နှမ်းပစ္စည်းကောင်းက လက်ရှိမှာ နှစ်သိန်းလေးထောင်လောက်ဖြစ်တယ်။ အဲထက်တစ်ဆင့်နိမ့်တဲ့ အလတ်တန်းပစ္စည်းလေးတွေကျ တစ်သိန်းရှစ်ထောင်လောက်ထိ ဖြစ်သွားတာပေါ့။ နှမ်းကို အခု လောလောဆယ် တရုတ်ဘဲ အများဆုံးတင်တာ။ ကိုရီးယားနဲ့ ဂျပန်ပါတင်ပို့ပါတယ်။ " ဟု ဆက်ပြောသည်။
အောက်တိုဘာလ ၂၇ရက်နေ့တွင် နှမ်းဈေးနှုန်းမှာ နှမ်းဖြူ ၄၅ ပိဿာလျှင် ၁၁၅၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းဖြူ(Japan) ၄၅ ပိဿာလျှင် ၁၂၈၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းညို ၄၅ ပိဿာလျှင် ၁၀၀၀၀၀ ကျပ်မှ ၁၀၇၀၀၀ ကျပ်ဝန်းကျင်၊ ဆောင်းနှမ်းနက် ၄၅ ပိဿာလျှင် ၁၂၃၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်ဝန်းကျင်၊ နှမ်းနက်(စမုန်) ၄၅ ပိဿာလျှက် ၁၉၀၀၀၀ ကျပ်မှ ၂၀၂၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
ထိပ်ထားနိုင်