မုဒုံမြို့နယ်တွင် နွေစပါးစိုက်ဧက ၆၃၈ ဧကစိုက်ပျိုးရန်လျာထား

မုဒုံ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၆၃၈ ဧကကို စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေစပါးများ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးမှုအဆင်ပြေစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးပြီး ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက် (၃၀၀)ဧက၊ တင်း(၁၂၀)စံပြကွက်နှင့်စမ်းသပ်စံပြကွက်များ စိုက်ပျိုးကြမည့်ကျေးရွာများသို့ မျိုးစေ့များပံ့ပိုးပေးခြင်းနှင့် ဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးကာ နွေစပါးများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတတိယအပတ်မှစ၍ စတင်စိုက်ပျိုးလျက်ရှိသည်။

ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့်ဝန်ထမ်းများသည် စိုက်ခင်းများအရောက်ကွင်းဆင်းပြီး တောင်သူများနှင့်ပူးပေါင်းကာ စိုက်ခင်းများ အောင်မြင်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးခြင်း၊ မျိုးသန့်စံပြကွင်းတွင် မျိုးကွဲပယ်ခြင်း၊ သွင်းအားစုများကြဲပက်ခြင်းနှင့် စိုက်ပျိုးမှုနည်းပညာ အသိပညာပေးလုပ်ငန်းများတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

သားငယ် (ပြန်/ဆက်)