ညောင်ရွှေ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးတင်ထွန်းဦးနှင့် အ.ထ.က (၃) ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အေးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အ.ထ.က (၃) ဘင်ခရာတပ်ဖွဲ့ကဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများက တို့ရှမ်းပြည်ပွဲတော် သီချင်းဖြင့်လည်းကောင်း၊ Grade-3 ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ Grade-9 (A) ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာသီချင်းဖြင့်လည်းကောင်း၊ Grade-11 (E2) ကျောင်းသူများက နီလုဖိုင် ပအိုဝ်းသီချင်း ဖြင့်လည်းကောင်း အသီးသီးသီဆိုကပြ၍ တင်ဆက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းကို သီဆိုဖျော်ဖြေတင်ဆက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူးက အမှာစကားပြောကြား၍ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းကော်မတီဝင် တစ်ဦးက တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
၎င်းနောက် အတန်းစဉ်အလိုက် ထူးချွန်ဆုရရှိကြသူများ၊ အားကစား ထူးချွန်ဆုရရှိကြသူများ၊ ဉာဏစွမ်းရည် ထူးချွန်ဆုရရှိခဲ့ကြသူများနှင့် စံပြမောင်/ စံပြမယ် ရရှိခဲ့ကြသူများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ