ကျောက်ပန်းတောင်း ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ ကုန်းတော်ကြီး မင်္ဂလာစေတီ ဘုရားရင်ပြင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဇဋိလနှင့် ပင့်သံဃာအရှင်သူမြတ် (၂၀)ပါး ကြွရောက်တော်မူကြပြီး၊ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကြသည်။ ဆက်လက်၍ စိတ္တပါလဂူကျောင်းမှ ဆရာတော် ဘဒ္ဒန္တသုစာရက စိန်ရောင်ခြည် ဘုရားပင့်ဆောင်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒကထံမှ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဂေါပက အဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်ဘဒ္ဒန္တဝိစာရက နတ်ဒေဝါများပင့်ဖိတ်၍ အကျိုးတော်ဆောင် ဦးသန်းဝင်းက ကန်တော့ပွဲများကို နတ်ဒေဝါများထံ အပ်နှံခြင်း၊ မေတ္တာပို့ခြင်းများ ဆောင်ရွက်သည်။ ယင်းနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်၍ အခမ်းအနားကို သာဓုအနုမောဒနာခေါ်ဆို ရုပ်သိမ်းပြီး၊ သံဃာတော်အရှင်သူမြတ်(၉)ပါးတို့က ဥပ္ပါတသန္တိကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ကုန်းတော်ကြီးမင်္ဂလာစေတီဘုရား ဂေါပကအဖွဲ့ဝင်များ စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး၊ ကုန်းတော်ကြီး မင်္ဂလာစေတီဘုရားကြီးတွင် အဆိုပါ ကျမ်းမြတ်ကို (၉)ရက် တိုင်တိုင် အသံမစဲ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)