တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

မြစ်ကြီးနား ဇန်နဝါရီ ၉

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၈) ရက် ညနေ ၃ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး ပြည်‌ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန်(၆)ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေ (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဝန်ထမ်းများသည် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် စီမံကိန်းပါအချက်များကို ပြည်နယ်အတွင်း အချိန်မှီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အချင်းကို စဥ်ဆက်မပြတ်တိုးတက်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ တို့တာဝန်အရေး(၃)ပါး ပါတိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအတွက် DTH Sky Net တစ်စုံစီနှင့် ထောက်ပံ့ပစ္စည်းများကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ရခိုင်တိုင်းရင်းသားရိုးရာ စာအုပ်စာတမ်းများကို ပြည်နယ်ဝန်ကြီးထံလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)