ပျော်ဘွယ် ဇန်နဝါရီ ၉
ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီက ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာအနီး မင်းရာမမဟာစေတီတော်မြတ်ကြီး ဓမ္မာရုံအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဂုဏစာရအမှူးပြုသောဆရာတော်၊ သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာ ယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ကြပြီး မင်းရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလမှ ဥပ္ပါတသန္တိကျမ်းမြတ်အား စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း၊ အလားတူ မြို့သစ်ရပ်ကွက်ရှိ နေလဘုန်းတော်ကြီးကျောင်း၊ ချောင်းမကြီးအုပ်စု၊ ထန်းတပင်ကျေးရွာကျောင်းတိုက်တို့တွင်လည်း ဥပ္ပါတသန္တိကျမ်းမြတ်အား တစ်ပြိုင်နက်တည်း ရွတ်ဖတ်ပူဇော်လျက်ရှိပြီး (၉)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)