ကျေးသီး ဇန်နဝါရီ ၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် လူငယ်လူရွယ်များ လူကုန်ကူးခံရမှုမဖြစ်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ သိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုကာကွယ်တာဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၂) နာရီက ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က လူကုန်ကူး/ လူမှောင်ခိုအဓိပ္ပါယ်၊ ကွဲပြားခြားနားချက်များ၊ လူကုန်ကူးခံရမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ ပြည်တွင်းလူကုန်ကူးမှု၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ လူကုန်ကူးမှုခံရမှုအခြေအနေများအား ကျောင်း သား/သူများ အလွယ်တကူသိရှိနိုင်စေရန် projector ဖြင့် ရှင်းလင်းပြသ ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလူလှက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အသိ ပညာပေးလမ်းညွှန်ချက်များ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ လမ်းဖြတ်ကူးရာတွင် လူကူးမျဉ်းကျားမှသာ စည်းကမ်းတကျဖြတ်ကူးကြရန်၊ လမ်းညွှန်အမှတ်အသားများအား လိုက်နာကြရန် ဟောပြောခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို ကျောင်းသား/သူများ လိုက်နာစေရန်အသိပညာပေးရုပ်သံများအား projector ဖြင့် ပြသခဲ့ပြီး ဒုတိယရဲမှူး သန်းထွန်းက မော်တော်ဆိုင်ကယ်များမောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ နှစ်ဦးထက်ပိုမစီးရန်၊ အရှိန်ပြင်းမောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ်လက်ကိုင်ဖုန်း အသုံးမပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်ရန် ဟောပြောခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ(၂၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)