ကျောက်တလုံးကြီးမြို့တွင် ဆောင်းသီးနှံသခွားသီးပင်များ စိုက်ပျိုး

ကျောက်တလုံးကြီး ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွား၊ ပဲစိုက်ပျိုးခြင်းနှင့် အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ မိုးစပါးရိတ်သိမ်းပြီးချိန် အဆိုပါစိုက်ခင်းအတွင်း သခွားသီးပင်များ ဆက်လက် ထွန်ယက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သခွားသီးပင်များကို   စိုက်ပျိုးရာ၌ ပထမဦးစွာစိုက်ပျိုးမည့် မြေကို ထွန်ရေးညက်အောင် ပြုလုပ်ကာ စိုက်ဘောင်ဖော်ပြီး မြေအောင်းအဖြစ် နွားချေးနှင့် ပုလဲမြေဩဇာကို ရောစပ်ထည့်ပေးရကြောင်း၊ တစ်ပင်နှင့်တစ်ပင် (၁၀)လက်မခန့်ခြား၊ တစ်တန်းနှင့်တစ်တန်း(၄)ပေခြား စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီးရေလောင်းကာ ပလပ်စတစ်အကြည်ဖြင့် ဘောင်ကို အုပ်ထားပေးရပြီး တစ်ပတ်အကြာတွင် သခွားသီးမျိုးစေ့ချထားသော နေရာ၌ ပလပ်စတစ်အကြည်အား အဝိုင်းပေါက် ဖောက်ထားပေးခြင်းဖြင့် အပင်ပေါက်များ အလွယ်တကူထွက်လာနိုင်မည်ဖြစ်ကြောင်း၊ အပင်များ ထွက်လာပြီးနောက်တွင် တစ်ပတ်လျှင်တစ်ကြိမ် ရေလောင်းပေးရကြောင်း၊ စိုက်ပျိုးပြီးရက် (၄၅) အကြာတွင် စတင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း သခွားသီးပင်စိုက်ပျိုးကြသူများအနေဖြင့် ထိုင်းနိုင်ငံထုတ် သခွားသီးမျိုးကို ဝယ်ယူစိုက်ပျိုးကြကြောင်း၊ လက်ရှိဒေသတွင်း ကာလပေါက်ဈေး သခွားသီးအလုံးကြီး တစ်လုံးကို (၂၀၀)ကျပ်၊ အသေးတစ်လုံးကို (၁၀၀)ကျပ်ရှိသဖြင့် ဈေးကောင်း ရရှိချိန်ဖြစ်၍ စိုက်ပျိုးထားသည့် သခွားသီးပင်များ အထွက်နှုန်းတိုးမြှင့်ရရှိရန်သာလိုအပ်ကြောင်း သခွားသီးစိုက်ပျိုးသူ ဒေါ်နန်းမူထံက သိရသည်။

ဇော်နိုင်လင်း