ရာသီဥတုကြောင့် ငရုတ်သီးများ အထွက်နှုန်းလျော့နည်း

မန္တလေး အောက်တိုဘာလ ၂၈

မိုးဦးမကောင်းတဲ့အတွက် ငရုတ်သီးများ အထွက်နှုန်း သိသိသာသာလျော့နည်းနေတယ်လို့ ကျောက်ဆည် မြို့နယ် ငရုတ်သီးစိုက်တောင်သူများထံမှ သိရသည်။

" ဒီနှစ်က အထွက်နှုန်းလည်း နည်းတယ်။ အစောမိုးမကောင်းတာပေါ့။ အစောမိုးမကောင်းတဲ့အခါကျ ကျောက်ဆည်ဘက်က တောင်သူတွေက အထွက်နှုန်းတော်တော်နည်းသွားတယ်။ မနှစ်ကထက်ဆိုင်ရင် သုံးပုံတစ်ပုံလောက်ဘဲ ထွက်ခဲ့တယ်။ မနှစ်ကလို မကိုက်ဘူး။ မနှစ်က အထွက်နှုန်းလည်းကောင်းတယ်။ ဈေးကွက် လည်းကောင်းတော့ တောင်သူတွေ တော်တော် ငရုတ်နဲ့ ပတ်သက်လို့ အကျိုးရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ တရုတ်မပါတော့ ယိုးဒယားတစ်ခုတည်းဆိုတော့ ဈေးနှုန်းက အဲလောက်မလိုက်ဘူး။ အစောမိုးမကောင်းတဲ့အတွက် အထွက်နှုန်းတော်တော်လေး လျော့သွားတယ်။ " ဟု မန္တလေးတိုင်းဒေသကြီး စားဖိုဆောင်သီးနှံအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးဦးက ပြောသည်။

ငရုတ်သီးအစိုကို မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်၊ မြစ်သား၊ ရမည်းသင်း စတဲ့ဒေသများ၊ ရှမ်းပြည်နယ်တွင် ကလော၊အောင်ပန်း၊ ပင်းတယ၊ မိုင်းယု စတဲ့ဒေသတွေများ အများဆုံးစိုက်ပျိုးကြပြီး လက်ရှိဈေးကွက်အနေအထားအရ ငရုတ်သီးအစိုမှာ သွားရေးလာရေးအခက်အခဲကြောင့် ဈေးများတည်ငြိမ်မှု မရှိကြောင်း ငရုတ်သီးစိုက်ပျိုးသော တောင်သူများထံမှ သိရသည်။

ထိပ်ထားနိုင်