တောင်တွင်းကြီး ဇန်နဝါရီ ၉
ကလေးငယ်များအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက ဘွဲကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှရေးသားပြုစုသည့် အစွမ်းကိုယ်စီရှိကြသည် ပုံပြင်အား သရုပ်ဖော်ပြောပြခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ Grade-3 ကျောင်းသား၊ ကျောင်းသူကလေးငယ်(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် အဆိုပါအစီအစဥ်သို့ မြို့မအခြေခံပညာအလယ်တန်းမှ Grade-3 မှ ကျောင်းသား၊ ကျောင်းသူ (၅၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်တွင်းကြီးမြို့နယ်ရုံးအနေဖြင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းနှင့် ပူးပေါင်းကာ စာကြည့်တိုက်လေ့လာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်များအဖြစ် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည့်အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)