မိတ္ထီလာ ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မီးသတ်ဦးစီးဌာန၏ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (Kaeru Caravan)အစီအစဉ် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အ.ထ.က(၂) ရတနာခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အစီအစဉ်အခမ်းအနားတွင် ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ထိုနောက် အ.ထ.က(၂) ကျောင်းအုပ်ဒေါ်ဥမ္မာမြင့်က ကျောင်းသူကျောင်းသားများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ တွေ့ကြုံပါက ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်မည့် အသိပညာဗဟုသုတများရရှိစေရန် တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကလေးများ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရပါက ကိုယ်တိုင်ဖြေရှင်းဆောင်ရွက်ရမည့် အသိပညာများကို ဂိမ်းပြခန်း ၁ဝ ခန်းကို အထူးရွေးချယ်ထားသည့် ကျောင်းသား ကျောင်းသူ ၁ဝ ဦးစီပါဝင်သည့် အဖွဲ့ ၁ဝဖွဲ့အား ခင်းကျင်းပြသကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကျောင်းသူ/ကျောင်းသားများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ချမ်းသာ