ကျောက်ဖြူမြို့၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ဖြူ ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံး ကုမုဒြာခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စာစီစာကုံး ပန်းချီ၊ ကဗျာ၊ ဆောင်းပါးနှင့် ထူးချွန်ပြိုင်ပွဲများတွင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့်တို့၌ ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းအား သီဆိုဖျော်ဖြေပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း