ပြည်ကြီးတံခွန် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ-ထ-က(၂၇)ကျောင်းရှိ အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အ-ထ-က (၂၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး အ-ထ-က(ခွဲ)၂၄ကျောင်းမှ Grade-3 ကျောင်းသား မောင်တရက တပင်တိုင်အကဖြင့် ဖျော်ဖြေသည်။ ဆက်လက်၍ ဆုချီမြှင့်ပွဲကျင်းပရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံး ဆုရကျောင်းများနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်း အမှတ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူနှင့်ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် အ-လ-က (၂၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက နပန်းစံသီချင်းဖြင့်လည်းကောင်း၊ အ-လ-က(၂၆)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ အ-ထ-က(ခွဲ)၂၉ကျောင်းမှ အလှကမ္ဘာမြေ သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)