အမ်း ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်အချိန်က စာပေချစ်မြတ်နိုးသူလူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ်ကာလ၌ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် ကျောင်းသား ကျောင်းသူလူငယ်များအားကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသော ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ လူငယ်စကားဝိုင်းများ၊ စာပေစကားဝိုင်း၊ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲပြခန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးသူငယ်များ လုပ်ငန်းခွင်များ၌ မြင်တွေ့လာခဲ့ကြ၍ ခုလို ကလေးအလုပ်သမားပပျောက်စေရေးအတွက် ကလေးအလုပ်သမား အသိပညာပေးဟောပြောပွဲ အစီအစဥ်များကို ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေး အလုပ်သမားပပျောက်ရေးရည်မှန်းချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာမူများ၊ ကလေးသူငယ်ဥပဒေများတို့ကို လူငယ်တိုင်းသိရှိထားသင့်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စာပေမြတ်နိုးသူလူငယ်များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား လေ့လာကြည့်ရှုစေပြီး မြို့နယ်ဦးစီးအရာရှိက စာစောင်ပါအကြောင်းအရာများနှင့် ကလေးသူငယ်များ၏ ရပိုင်ခွင့်အခွင့်အရေးများနှင့် သိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)