မိုင်းယန်းမြို့၌ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မိုင်းယန်း ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  ကျောင်းသား/ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်၍ အမှားအမှန် ဝေဖန်ခွဲခြားသိမြင်စေရန်၊ မိမိတို့လေ့လာထားသည့် ဗဟုသုတများကို ပြန်လည်မျှဝေတက်စေရန်နှင့် အများရှေ့တွင် ပြောဆိုဆက်ဆံတတ်သည့် အလေ့အကျင့်ရရှိစေရန်အတွက် ဥပမာ၊ သာဓကများဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပေးနံရံကပ်စာစောင်အားပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး